Titu's Indian Bistro

ဒံပေါက်သိပ်ကြိုက်ပေမယ့် သွေးတိုးမှာ၊မူးမှာဆိုးလို့ စိုးရိမ်နေတဲ့ သူတွေရော
အိန္ဒိယစာကောင်းကောင်းလေးမြည်းစမ်းချင်တဲ့သူတွေအတွက် ဒီတပတ် OKMက တာမွေ Ocean အောက်ထပ်က Titu’s Indian Bistro ဆိုင်ကို လမ်းညွန်ပေးချင်ပါတယ်။
ဒီဆိုင်လေးက Oceanကို မကြာသေးခင်အသစ်ပြောင်းလာတာပါ။ အိန္ဒိယဆိုင်ဆိုတဲ့အတိုင်း ဝင်လိုက်တာနဲ့ အမွေးအကြိုင်နံလေးက ခပ်သင်းသင်းရယ်ပေါ့။ menu တော်တော်လေးများပါတယ်။
ဒံပေါက်အဓိကဖြစ်ပြီးတော့ ကြက်သား၊ ဆိတ်သား၊ ငါး၊ သက်သက်လွတ် ဆိုပြီးရှိပါတယ်။ အမွေးအကြိုင်နည်းနည်းပဲသုံးထားလို့ စားပြီးခေါင်းမူးမှာ၊ သွေးတိုးလာမှာ စိတ်ပူစရာမလိုတာ သူတို့ရဲ့ထူးခြားချက်ပါ။
ဒံပေါက်မှာ ပါပလာကြော်၊ အသီးအရွက်ကြော်နှစ်မျိုး၊ အရည်သောက်တစ်ခွက် ပါပါတယ်။ ကြက်သားကတော့ အပြင် ဒံပေါက်ဆိုင်တွေလို မဟုတ်ပဲ အနှစ်များများနဲ့ချက်ထားတဲ့ ကြက်သားဟင်းပါ။ တစ်ပွဲချင်းကို အသားပေါ်မူတည်ပြီး (၄၀၀၀)ကျော်ကနေ (၂၀၀၀)အတွင်းရှိပါတယ်။
ထမင်းဖြူလည်းမှာလို့ရပါတယ်။ ထမင်းဖြူနဲ့ ဟင်း သက်သက်မှာရင်တော့ (၂၀၀)ပိုသက်သာပါတယ်။
နောက်ပြီး ပလာတာကို အသားနဲ့ လိပ်ထားတဲ့ rollတွေလည်းရှိပါတယ်။ အထဲက အသားကို ကြက်သား၊ ဆိတ်သားနဲ့ သတ်သတ်လွတ် ကြိုက်ရာသုံးဆောင်နိုင်ပါတယ်။
နောက် အိန္ဒိယအစားအစာဆိုတော့ မပါမဖြစ် တိုရှည်၊ ပူရီ၊ စမူဆာ၊ ပလာတာ ကို မျိုးစုံရှိပါတယ်။ အအေးဆိုရင်လည်း သဘာဝဖျော်ရည်တွေကို အရသာရှိရှိသုံးဆောင်နိုင်ပါတယ်။ကိုလ်ဖီးလည်းရှိပါသေးတယ်။
ဆိုင်ဖွင့်တာသိပ်မကြာသေးပေမယ့် ဝန်ဆောင်မှုပိုင်းနဲ့ ဆိုင်အပြင်အဆင်ပိုင်း၊ သန့်ရှင်းသပ်ရပ်မှုကတော့ ပြောစရာမလိုပါဘူး။ အစားအသောက်ပိုင်းမှာတော့ နည်းနည်းပြောစရာလေးတော့ရှိပါတယ်။ ဒံပေါက်ကနည်းနည်းလေး ဆားများသွားတယ်ထင်တယ်။ ဆိုင်မှာလည်းပြောခဲ့ပါတယ်။ အားလုံးခြုံကြည်လိုက်ရင် ဈေးနည်းနည်းများတယ်။ သန့်ရှင်းတယ်။ ဝန်ဆောင်မှုကောင်းတယ်။ အမွေးအကြိုင်သိပ်မကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ ကွက်တိပါပဲ။
ဒီဆိုင်ကတော့ တာမွေ Ocean အောက်ထပ်မှာဖွင့်လှစ်ထားတဲ့ Titu’s Indian Bistro ဆိုင်ပဲဖြစ်ပါတယ်။