Phai Lin(Thai&Chinese Restaurant)
အခုတစ်လော အွန်လိုင်းပေါ်မှာအစားအသောက်တွေ စားစားပြနေတဲ့သူတွေများလာလေတော့ ကိုယ်တွေလည်းမနေနိုင် မထိုင်နိုင် စားချင်စိတ်ကထိန်းမရ သိမ်းမရ။ သူတို့ စားစားပြနေတဲ့အထဲက ကိုယ်သိပ်သဘောကျမိတာလေးက ထိုင်းတို့စရာ အစုံ။ သိတယ်မလား။ အသီးအရွက် အစုံနဲ့ ငပိနဲ့။
ငပိထောင်းတော့ငပိထောင်းပေါ့။ ဒါပေမယ့် ဘာတွေကွာလည်း စပ်စုကြည့်ဖို့ ထိုင်းအစားအသောက်အဓိက နဲ့ တရုတ်အစားအသောက်မျိုးစုံရတဲ့ Phai Lin ဆိုတဲ့ ဆိုင်ကိုဦးတည်လိုက်ပါပြီ။
ဒီဆိုင်မှာ ထိုင်းတို့စရာ စားကောင်းတယ်လို့ကြားထားတာလေးလည်းရှိလို့ပါ။ ထိုင်းတို့စရာဆိုတာ ငပိထောင်းပုံစံ အရည်ခပ်ပျစ်ပျစ် ကို ခရမ်းကဆော့သီးလေးတွေထည့်ပေးထားတဲ့ထိုင်းငပိတစ်ခွက်ရယ်၊ အသီးအရွက်တစ်ချို့ကိုတော့ပြုတ်ပေးထားပါတယ်။ ဂေါ်ဖီထုပ်၊ ပန်းပွင့်၊ မုန်လာဥနီ၊ ပဲသီးရယ် ဒါတွေကိုတော့ ပြုတ်ပေးထားတယ်။ သခွားသီးလေးလည်း ပါတယ်။ အကြော်တွေက ကြက်ဥဆူးပုတ်ရွက်ကြော်၊ ခရမ်းသီးကြော်၊ ပလာတူးငါးကြော် စုံစုံလေးထည့်ပေးထားပါတယ်။
ဒါတွေအားလုံးကို ထိုင်းတို့စရာ လို့ ခေါ်တာပါ။ ထမင်း၊ ကောက်ညှင်းနဲ့ တွဲဖက်စားသုံးလို့ရပါတယ်။ ဒီဆိုင်မှာတော့ ထမင်းနဲ့မှာလို့ရပါတယ်။
ထိုင်းငါးပိထောင်းဆိုတဲ့အတိုင်း တစ်လုတ်ဆိုတစ်လုတ်ဆိုသလောက် ပွင့်ထွက်သွားမယ်နော်။ အသီးအရွက်အစုံနဲ့ ငါးပိထောင်းတွဲစားတဲ့အရသာကတော့ အားလုံးသိပြီးသားပါ။
ထူးခြားတာက ခရမ်းသီးကြော်။ ဒီအတိုင်းရင် အားလူးအပျော့ကြော်လို အရသာရှိတယ်။ ငပိထောင်းနဲ့တွဲစားရင်တော့ လုံးဝရှယ်ပဲ။
ပလာတူငါးကြော်ကတော့ ဒီအတိုင်းသူ့ချည်းပဲစားရင် နည်းနည်းငန်တယ်။ အရိုးလည်း နည်းနည်းပါတယ်။
အများဆုံးကြီးစားလိုက်လို့ ဗိုက်ပြည့်သွားပေမယ့် အီသွားတာမျိုးမရှိဘူး အချဉ်ရယ်၊ အစပ်ရယ်က အရသာပြန်ထိန်းပေးပြီး စားချင်စိတ်ကို ပိုဖြစ်စေလို့ပါ။
Phal Linမှာတော့ ထိုင်းတို့စရာ တစ်ပွဲကို ငါးထောင်ပါ။ နှစ်လောက် ဝဝလင်လင်စားလို့ရပါတယ်။
ဆိုင်အကြောင်းလေးနည်းနည်းမိတ်ဆက်ပေးမယ်နော်။
ဆိုင်ကတော့ ကျိုက္ကဆံလမ်း၊ United Living Mall ဘေး၊ တာမွေမြိုနယ်မှာရှိပါတယ်။ နေရာအနေအထားက တော်တော်လေးကျယ်ဝန်းပြီး အပြင်ဘက်မှာလည်း သုံးဆောင်နိုင်သလို မိသားစုဝင်တွေ၊ ဧည်သည့်တွေနဲ့ အေးအေးဆေးဆေး သုံးဆောင်ချင်တယ်ဆိုရင်တော့ Business Dinner, Private Room Service တွေလည်း ရှိပါသေးတယ်။ မွေးနေ့ပွဲ၊ နှစ်ပတ်လည်အခမ်းအနားတွေအတွက်လည်း အဆင်ပြေစေမယ့် သီးသန့်အခန်းတွေရှိပါသေးတယ်။