ဘူဂိုဂီ ဘရားသား ကိုရီးယား အသားကင်ဆိုင်

ဒီတစ်ရက်တော့ Diamond Condo အောက်ထပ်က Bulgogi Brother မှာ ကိုရီးယားစာကောင်းကောင်းလေးစားချင်လို့ မိုးရွာပေမယ့်လည်း ရောက်အောင်သွားလိုက်ပါတယ်။ နာနတ်တောလမ်းမပေါ်မှာရှိပါတယ်။ ကားပါကင်အတွက်ပူစရာမလိုပါဘူး။ ဆိုင်ရောက်တော့ အပြင်ဘက်မှာ နည်းနည်းပူုတယ်ထင်ရတယ်။ အေးအေးလူလူစားချင်တော့ အတွင်းခန်းမှာပဲထိုင်ဖြစ်တယ်။ အထဲမှာတော့ VIP အခန်းတွေရှိသေးတယ်။ တော်တော်များများလာစားကြတာ ကိုရီးယားတွေများပါတယ်။ ဒီတော့ စားပါတော့မယ်နော်။
Menu စကိုင်လိုက်တာနဲ့ စတွေတာက menuအသစ်ထဲက ရေဘဝဲကင်။
ရေဘဝဲအကောင်ကြီးကြီးကို မှို၊ ကြက်သွန်ဖြူ၊ အာလူးနဲ့ရောပြီး ကင်ပေးတာပါ။ ကင်တယ်ဆိုပေမယ့် ဟင်းအနှစ်နဲ့ချက်ထားသလိုပဲ။ အသားကင်ပေးတဲ့အခါ ညော်နံတွေဘာတွေ သိပ်မထွက်ပါဘူး။ ရေဘဝဲအသားက သိပ်လည်းမမာသလို အရမ်းလည်းမပျော့ဘူး။ မှိုအရသာချိုချိုလေးရယ်။ အားလူးခပ်မာမာလေးရယ်ကို ဆလပ်ရွတ်ထဲထည့် ကင်ချီနည်းနည်းထည့်ပြီး လွေးလိုက်တော့ သိပ်ကိုအရသာရှိသွားပြီ။
အစားအသောက်တွေအားလုံးမှာပြီးမှ တွဲဖက်စားလို့ရတဲ့ ကင်ချီအမျိုးအစားတွေနဲ့ ဆော့တွေလာချပေးပါတယ်။ကင်ချီတွေက အရွက်စုံကင်ချီရယ်၊ မုန့်ညှင်းထုပ်ကင်ချီရယ်၊ ပြီးတော့ ပွဲအသေးတွေနဲ့ ပဲပင်ပေါက်၊ ငရုတ်သီးတောင့်၊ မုန့်ညင်းရွက် အစုံလာချပေးထားပါတယ်။ ဆလပ်ရွက်၊ ဥနီနဲ့ သခွားသီးခြင်းကတော့ ပွဲတိုင်းပါ ပါတယ်။အရံပွဲတွေကို Refill လုပ်ပေးပါတယ်။

နောက်တစ်ပွဲကတော့ ကိုရီးယားခေါက်ဆွဲသုပ်
ကိုးရီးယားခေါက်ဆွဲက မြန်မာမှာဆို မြူစွမ်ခေါက်ဆွဲနဲ့နည်းနည်းတူပါတယ်။ အဲ့ဒီခေါက်ဆွဲကို ငရုတ်ဆီခပ်ချိုချိုလေးနဲ့ တခြားဟင်းခတ်တွေလည်းပါမယ်ထင်တယ်။ အားလုံးကိုနယ်ပေးထားပြီး အပေါ်မှာ ပဲပင်ပေါက်၊ သခွားသီး၊ ကြက်ဥပြုတ် တခြမ်းနဲ့ နှမ်းလေးတွေဖြူးပေးထားတယ်။ ဆလပ်ရွက်နည်းနည်းထည့်ပေးထားပါတယ်။ စားခါနီးအားလုံးကိုရောနယ်ရပါတယ်။ မှာခါနီး ဟင်းပွဲကစပ်တယ်ပြောလို့ အစပ်လျှော့ခိုင်းလိုက်တာ လုံးဝကိုမစပ်တော့ဘူး။ အမြင်အရတော့ စားကောင်းမယ့်ပုံမပေါ်ဘူး။ မကြိုက်လောက်ဘူးထင်တာ။ စားလိုက်တော့ ခေါက်ဆွဲသားအိအိလေးနဲ့ တော်တော်လေးစားကောင်းတယ်။ ခပ်အေးအေးအရသာလေးပါ။

Spicy seafood Hotpot
ဗိုက်ကသိပ်တော့မဝသေးဘူး။ ငွေလေးရွှင်နေတုန်း Spicy seafood Hotpot ထပ်မှာလိုက်ပါတယ်။ Hotpot လာချပေးတော့ ပဲငပိရယ်၊ ပုစွန်ပြုတ်ရဲ့ အနံ့ကတော်တော်ပြင်းတယ်။ အထဲမှာဘာတွေပါလည်းဆိုတော့ ပုစွန်၊ ကင်းမွန်၊ ကြက်အူချောင်း၊ ဂုံးလည်းပါပါတယ်။ ဂုံးမစားလို့ ကင်းမွန်များများထည့်ပေးပါတယ်။အပ်မှို၊ ပဲပင်ပေါက်၊ ပဲငပိစိ အကြီးကြီးတွေပါတယ်။ ထူးခြားတာက ဟင်းရည်က ပဲငပိပါလို့ နည်းနည်းငန်မယ်ထင်တာ။ မငန်တဲ့အပြင် ချိုချိုလေးနဲ့ ထမင်းနဲ့ရောစားရင် အရသာရှိတဲ့ဟင်းပွဲပါ။
Bulgogi Brother မှာ အဓိက main dish တွေကအမဲသားတွေများပါတယ်။ စားပြီးရင် အချိုပွဲအဖြစ် အသီးလေးတွေလာချပေးပါတယ်။
ဒီတော့ဈေးနှုန်းလည်းနည်းနည်းများပါတယ်။ ဝန်ဆောင်မှုကောင်းလည်းကောင်းပါတယ်။ သန့်လည်းသန့်တယ်။ မနေ့ကသွားစားထားတော့ ကံကောင်းစွာနဲ့ discount 20% မှီလိုက်သေးတယ်။
မနက်(၁၀)နာရီခွဲကနေ ည(၁၀)နာရီခွဲအထိ ဖွင့်ထားပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ်(၁၃၆)၊ မြေညီထပ်၊ Diamond တာဝါ၊ နာနာတ်တောလမ်းအနီး၊ ကမာရွက်မြို့နယ်မှာရှိတဲ့ Bulgogi Brother korea BBQ ဆိုင်ပါ။ လစာထုတ်ခါစဆိုတော့ ဒီဆိုင်လေးညွှန်းပေးလိုက်ပါတယ်။